ယနေ့ ဇွန်လ ၂၆ ရက်နေ့သည် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အသုံးပြုခြင်းနှင့် ရောင်းဝယ်မှုများကို တိုက်ဖျက်ခြင်းဆောင်ရွက်ကြရန် အသိပေးနှိုးဆော်ရန်အတွက် တစ်ကမ္ဘာလုံးက အသိအမှတ် ပြုထားသည့် နေ့ဖြစ်ပါသည်။
နွေဦးတော်လှန်ရေးသည် စစ်အာဏာရှင်လက်အောက်မှ လွတ်မြောက်ရန်၊ ဒီမိုကရေစီနှင့် တရားမျှတမှုရရှိရန် မြန်မာနိုင်ငံအတွက် ကျွန်ုပ်တို့၏စုပေါင်းတိုက်ပွဲဝင်နေချိန်တွင် ကျွန်ုပ်တို့၏ မြန်မာပြည်သူလူထု၏ ကျန်းမာရေးကို ထိခိုက်စေသော မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် ရောင်းဝယ်ဖောက်ကားမှု အန္တရာယ်ကို ကိုင်တွယ်ဖြေရှင်းရန် အရေးကြီးပါသည်။
မြန်မာနိုင်ငံတရားရေးဝန်ကြီးဌာနသည် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများကြောင့် ပြည်သူများ၏ ကျန်းမာရေး၊ လုံခြုံရေးနှင့် စီးပွားရေးထိခိုက်မှုများကို မြင်သာသော လုပ်ဆောင်ချက်များဖြင့် မူးယစ်ဆေးဝါး အသုံးပြုခြင်းများကိုလျှော့ချတားဆီးနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။
ကျွန်ုပ်တို့ တရားရေးဝန်ကြီးဌာနသည် မြန်မာ့လူ့အဖွဲ့အစည်း၏ ကျန်းမာရေးနှင့် စီးပွားရေး ကို ကာလရှည်ကြာ နှောင့်ယှက်ခဲ့သည့် မူးယစ်ဆေးဝါး၏စိန်ခေါ်မှုများကို တားဆီးရန်နှင့် မူးယစ်ဆေးဝါး အသုံးပြုသူများကို ထိန်းသိမ်းနိုင်ရေး ကိစ္စရပ်များအတွက် ဥပဒေနှင့်အညီ ခိုင်မာသောအစီအမံများကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါသည်။
ကျွန်ုပ်တို့ တရားရေး၀န်ကြီးဌာနသည် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် အလေးအနက်ထားကာ နိုင်ငံတကာ မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းကို ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေး၀ါးတိုက်ဖျက်ရေးနေ့တွင် ထပ်လောင်းအတိပြုအပ်ပါသည်။
