ယနေ့ ဇွန်လ ၁၉ ရက်နေ့သည် ကျွန်ုပ်တို့ အားလုံး လေးစားချစ်ခင်ရသည့် ပြည်သူ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ (၇၉) နှစ်မြောက် မွေးနေ့ ဖြစ်ပါသည်။
စစ်အာဏာရှင်များ၏ မတရားဖမ်းဆီးမှုကြောင့် အကျဥ်းကျနေရသော်လည်း ပြည်သူများ၏ ဆုတောင်း မေတ္တာပို့သမှုများဖြင့် ယနေ့ကျရောက်သော မွေးနေ့မှစ၍ ဒေါ်အောင်ဆန်းစုကြည်သည် ကျန်းမာခြင်း၊ ပျော်ရွှင်ခြင်းနှင့် ခွန်အားများ ရရှိပါစေကြောင်း ကျွန်ုပ်တို့ တရားရေး၀န်ကြီးဌာနမှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်သည် ၁၉၈၈ မှ စတင်၍ ကြမ်းတမ်းခက်ထန်လှသည့် မြန်မာနိုင်ငံ၏ ဒီမိုကရေစီတိုက်ပွဲတစ်လျှောက် ထောင်အကြိမ်ကြိမ်ကျကာ မိမိ၏ ဘဝတစ်ခုလုံးကို နိုင်ငံအတွက် ပေးဆပ်ခဲ့ပြီး ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် တရားမျှတမှု မျိုးစေ့များကို ကြဲပက်ခဲ့သူဖြစ်ပါသည်။
ဒေါ်အောင်ဆန်းစုကြည်၏ ကြိုးပမ်းအားထုတ်မှုကြောင့် မြန်မာနိုင်ငံသည် ဒီမိုကရေစီလမ်းကြောင်းပေါ်ကို စတင်လျှောက်လှမ်းခဲ့သော်လည်း စစ်မိစ္ဆာတို့၏ ယုတ်မာကောက်ကျစ်မှုကြောင့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး ထို့ကြောင့်ပင် နွေဦးတော်လှန်ရေး ဖြစ်ပွားခဲ့သည်မှာ အားလုံးအသိပင်ဖြစ်ပါသည်။
မည်သို့ပင် စစ်အာဏာရှင်များ၏ နှိပ်စက်မှုကို ခံရသော်လည်း သံမဏိကဲ့သို့ မယိမ်းမယိုင် မာကြောလှသော ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ဓာတ်ကို လေးစားအတုယူကာ မပြီးဆုံးသေးသော နွေဦးတော်လှန်ရေးတိုက်ပွဲတွင် အားအင်အပြည့် စိတ်ဓာတ်အပြည့်ဖြင့် အောင်ပွဲရရှိသည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ပါကြောင်း ကတိပြုအပ်ပါသည်။
မကြာမှီအချိန်ကာလအတွင်း အောင်ပွဲ အလီလီရကာ ပြည်သူတွေအပေါ် သားသမီးများကဲ့သို့ ချစ်သော ဒေါ်အောင်ဆန်းစုကြည် နှင့် ဒေါ်အောင်ဆန်းစုကြည်ကို မိခင်ကဲ့သို့ ချစ်ခင်ကြသော ကျွန်ုပ်တို့ ပြည်သူတွေအားလုံး အတူတကွ ဆုံဆည်းပျော်ရွှင်ခွင့်ရပါစေ ဟု ထပ်လောင်း ဆုမွန်ကောင်းတောင်းလိုက်ပါသည်။
တရားရေး၀န်ကြီးဌာန
