ယနေ့ ၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်နေ့သည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီရေးရာလှုပ်ရှားမှု သမိုင်းလမ်းကြောင်းတွင် ထင်ရှားသော ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကြိုးပေးသတ်ဖြတ်ခံခဲ့ရသည့် ၄၈ နှစ်မြောက်နေ့ ဖြစ်ပါသည်။ ဆလိုင်းတင်မောင်ဦးသည် ၁၉၇၆ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင် နေ၀င်းစစ်အစိုးရအပေါ် ဆန္ဒပြခဲ့မှုများကြောင့် စစ်အစိုးရ၏ မတရားဖမ်းဆီးမှုကို ခံခဲ့ရကာ ပထမဆုံး ထောင်တွင်းကြိုးပေးသတ်ဖြတ်ခြင်းခံခဲ့ရသည့် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်ပါသည်။
၁၉၆၂ ခုနှစ်တွင် စစ်အာဏာသိမ်းပြီးနောက်ပိုင်း၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးအတွက် အားထုတ်ခဲ့သူများအနက် ထင်ရှားသောသူတစ်ဦးဖြစ်သူ ဆလိုင်းတင်မောင်ဦးသည် နိုင်ငံရေးလှုပ်ရှားမှုများတွင် ရဲဝံ့စွာ ပါဝင်ခဲ့ပြီး၊ အာဏာရှင်စနစ်ကို အားမပေးဘဲ ရဲရင့်စွာတော်လှန်သော ကျောင်းသားခေါင်းဆောင်တစ်ဦးအဖြစ် ရပ်တည်ခဲ့ပါသည်။
၂၀၂၁ ခုနှစ် တကျော့ပြန် စစ်အာဏာသိမ်းမှု ဖြစ်ပြီးနောက် ပေါ်ပေါက်လာသော မြန်မာ့နွေဦးတော်လှန်ရေးတွင်လည်း ကျောင်းသားလူငယ်များနှင့် ပြည်သူအပေါင်းတို့သည် ဆလိုင်းတင်မောင်ဦး၏ “ မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်။ ငါရဲ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ ဘယ်တော့မှ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဖိနပ်အောက်မှာငါ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ” ဟူသော စိတ်ဓာတ်နှင့် ယုံကြည်မှုအတိုင်း အာဏာရှင်ဖီဆန်ရေးတွင် ပါဝင်နေကြသည်ကို လေးစားဂုဏ်ယူဖွယ်ရာ တွေ့မြင်ရပါသည်။
ဆလိုင်းတင်မောင်ဦး ကြွေးကြော်ခဲ့သော မတရားမှုကိုဆန့်ကျင်ပြီး အာဏာရှင်ကို အဆုံးထိ ဖီဆန်သည့် ရဲရင့်ခိုင်မာလှသော ရပ်တည်မှုနှင့် စိတ်ဓာတ်ကို စွဲကိုင်ကာ ဖက်ဒရယ်ဒီမိုကရေစီပန်းတိုင်ရောက်သည့်တိုင် ကျွန်ုပ်တို့ တရားရေး၀န်ကြီးဌာနမှ ဦးလည်မသုန်ကြိုးပမ်းသွားပါမည်ဟု သန္နိဋ္ဌာန််ပြုအပ်ပါသည်။
